တစ္ဆေတစ်ကောင်က အမြဲခြောက်လှန့်နေသည်။ အိပ်မရ၊ စားမရ၊ လုပ်မရ၊ ကိုင်မရ၊
ချစ်မရ။ ယင်းတစ္ဆေမှာ HIV/AIDS ရောဂါ ဖြစ်သည်။ ဘယ်အချိန်များ ကိုယ့်ကို HIV
ပိုးလာရောက် ကူးစက်မလဲ။ မြန်မာနိုင်ငံတွင် တစ်နေ့လျှင် လူဦးရေ ၂၁
ဦးနှုန်း အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသည်ဟု ဆိုသည်။ ဘယ်အချိန်မှာများ
မမြင်ရသည့် လူသတ်သမားက ကိုယ့်ရှေ့ ဘွားခနဲ ပေါ်လာလေမလဲ။ HIV/AIDS ရောဂါသည်
မမြင်ရသည့် လူသတ်သမားဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူပေါင်း ၂၀,၀၀၀
ခန့် အေအိုင် ဒီအက်စ်ရောဂါကြောင့် သေဆုံးနေရသည်ဟု ဆိုသည်။
မြန်မာနိုင်ငံနှင့် အေအိုင်ဒီအက်စ်
အေအိုင်ဒီအက်စ်ရောဂါကို မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက
နိုင်ငံတော်၏ အဓိကလူမှုရေးနှင့် ကျန်းမာရေး အကြောင်းအရာအဖြစ်လည်းကောင်း၊
ရောဂါတစ်ရပ်အဖြစ်လည်းကောင်း သတ်မှတ်ခဲ့သည်။ UNAIDS အဖွဲ့၏ စာရင်းဇယားအရ
၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ HIV ပိုးကူး စက်ခံရမှုနှုန်းမှာ ၁ ဒသမ ၃
ရာခိုင်နှုန်း (လူပေါင်း ၂၀၀,၀၀၀-၅၇၀,၀၀၀) ရှိပြီး တိုင်းပြည်ဒေသအသီးသီး၌
ရောဂါကူးစက်ပျံ့နှံ့မှု ကျယ်ပြန့်လာနေသည်ဟု ဆိုသည်။ HIV ဗိုင်းရပ်စ် Strain
အသစ်လေးမျိုးသည် မြန်မာနိုင်ငံမှ စတင်မြစ်ဖျားခံသည်ဟု ယူဆကြပြီး
မြန်မာနိုင်ငံမြောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတစ်လျှောက်
ဟီးရိုးအင်း မှောင်ခိုကုန်ကူးမှုလမ်းကြောင်း တစ်လျှောက်မှ
စတင်ပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။ မြန်မာနိုင်ငံတွင် HIVပိုး
ကူးစက်ခံရသူအများစုမှာ မူးယစ်ဆေး အကြောထဲထိုးသွင်းသူများ (၄၃
ရာခိုင်နှုန်း)နှင့် ပြည့်တန်ဆာများ (၃၂ ရာခိုင်နှုန်း) ဖြစ် သည်။
မြန်မာနိုင်ငံတွင် မူးယစ်ဆေးသုံးစွဲသူ ၃၀၀,၀၀၀ မှ ၅၀၀,၀၀၀ ရှိသည့်အနက်
ထက်ဝက်ကျော်ခန့်မှာ အကြောထဲ ဆေးထိုးသွင်းသူများဖြစ်သည်ဟု ဆိုသည်။
ကျန်းမာရေးဦးစီးဌာန၊UNAIDS နှင့် WHO တို့ ပူးပေါင်းတွက်ချက်ထားမှုအရ
၂၀၁၀ ပြည့်နှစ်တွင် အသက် ၁၅ နှစ်မှ ၄၉ နှစ်အကြား HIV ပိုး ကူးစက်ခံထားရသူ ဝ
ဒသမ ၆ ရာခိုင်နှုန်း (လူပေါင်း ၂,၃၆၀,၀၀၀) ရှိသည်ဟု ဖော်ပြသည်။





Mandalay Time























